ချင်းပြည်နယ်နှင့် ကလေးမြို့အ၀င်အထွက် ပိတ်လိုက်ပြီ ခိုနူမ်းသုန်သတင်း၊

ချင်းပြည်နယ် တီးတိန်မြို့နှင့် ရန်ကုန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကူးစက်ခံရသူ ၂ ဦးတွေ့ရှိပြီးနောက် ချင်းပြည်နယ်တီးတိန်မြို့နယ်နှင့် ကလေးမြို့ အ၀င်အထွက်များကို ယနေ့စတင်ပိတ်လိုက်ပြီဖြစ်သည်။

COVID 19 ရောဂါပိုးကူးစက်ခံရသူ ချင်းအမျိုးသား ဧည့်ခံပွဲပြုလုပ်ခဲ့သည့် ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ် ကျေးရွာ ကိုလည်း Lockdown သို့မဟုတ် Community Quarantine စတင်ဆောင်ရွက်နေပြီး အဆိုပါချင်းအမျိုးသားနှင့် ထိတွေ့ခဲ့သူအားလုံးကို သီးသန့်ခွဲခြားပြီး Quarantine စတင်လုပ်ဆောင်နေပြီဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သူ၏ Facebook စာမျက်နှာတွင်ရေးသားထားသည်။

အမေရိကန်နိုင်ငံတွင် Green Card ဖြင့်နေထိုင်သည့် အဆိုပါချင်းအမျိုးသားသည် မိန်းမယူရန်အတွက် မတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး ကလေးမြို့တွင်လည်း ၂ ရက်တည်းခိုနေထိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာတွင် ဧည့်ခံပွဲများကျင်းပပြုလုပ်ပြီးနောက် ကိုယ်အပူချိန်မြင့်တက်ဖျားနာသဖြင့် မတ်လ ၂၁ ရက်နေ့တွင် တီးတိန်ပြည်သူ့ဆေးရုံသို့ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူခဲ့သည်။

အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား မတ်လ ၂၂ ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ မတ်လ ၂၃ ရက်နေ့က စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ credit: khonumthung

 

Be the first to comment on "ချင်းပြည်နယ်နှင့် ကလေးမြို့အ၀င်အထွက် ပိတ်လိုက်ပြီ ခိုနူမ်းသုန်သတင်း၊"

Leave a comment

Your email address will not be published.